ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday, May 12, 2016

ပအိုဝ်းသမိုင်း နှင့် ပအိုဝ်းတိုင်းရင်းသား ပေါ်ပေါက်လာပုံ


•••••••••••••••••••••••••••••••••••••••••••••
ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိကိုယ်ကို နဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏။
မိခင်မှာ နဂါးမ ဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ
ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း
မိမိတို့မှာ နဂါးမျိုးနွယ်ဖြစ်ကြောင်းနှင့် နဂါးမှ
ပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအား
ယနေ့တိုင် ပြောဆိုနေကြသေး၏။
ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ-
သက်ကရာဇ် ၄၀၀ ခန့်လောက်တွင် တိုင်းပြည်တစ်ပြည်မှ မင်းနှင့်မိဖုရားတွင် သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်း စိတ်ဓါတ်များရှိကြသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ ခမည်းတော် မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာ တောထွက်သွားကြ၏။
တစ်နေ့သောအခါ နဂါးမသည် လူ့ပြည်သို့ ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲတွင် လှည့်လည်နေထိုင်ရင်း ဟေမ၀န်၏ စိမ်းစိုသာယာမှုကြောင့် ထိုတောထဲတွင် နေထိုင်လိုသော စိတ်ဖြစ်ပေါ်လာ၏။ မိန်းမဖန်ဆင်းပြီး တောထဲတွင် လှည့်လည်ခဲ့ရာ နတ်ရေးသောဖူးစာကြောင့် လေလားမသိ ဇော်ဂျီနှင့် ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည် ထိုအမျိုးသမီးကို နဂါးမှန်း မသိချေ။ ထို့ကြောင့် နှစ်နှစ်ကာကာ ပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ ကိုးလလွယ်ပြီး ဆယ်လသို့ရောက်သောအခါ နဂါးမသည် ဥနှစ်လုံးကို ဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီပြီး အလွန်လှပလေသည်။
ထိုသို့ မိမိမိန်းမက ဥနှစ်လုံးဖွားမြင်သည်ကို ဇော်ဂျီက သိရှိသောအခါ--
"အလို ငါ့ အိမ်သူမသည် လူသားစင်စစ် မဟုတ်၊
မြွေမျိုး နဂါးမျိုးပါကလား" ဟု ညည်းညူးလေ၏။
ထို့နောက် စိတ်ပျက်အားငယ်ပြီး ထွက်ပြေးရန်
ကြံစည်လေတော့သည်။ ထို့ကြောင့် နဂါးမကို
ချိုသာသော စကားပရိယာယ်ဖြင့် ကလေးများအတွက် ဆေးရှာထွက်ခွင့်ပေးရန် ခွင့်တောင်းလေသည်။ မိမိ၏ မိန်းမနဂါးမ မျက်ကွယ်သို့ရောက်သောအခါ ကောင်းကင်သို့ဆန်လျက် ပျံတက်သွားလေသည်။
သုံးလေးရက်ခန့် ကြာသောအခါ နဂါးမသည် မိမိ၏ လင်တော်မောင် ဇော်ဂျီ ပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်နှင့် မျှော်ကိုးနေခဲ့၏။ သို့သော် လင်တော်မောင် ဇော်ဂျီ ပြန်မလာသဖြင့် နဂါးမသည် ယခုကဲ့သို့ ညည်းညူပြန်လေသည်။
"ငါ၏ လင်တော်မောင်သည် ကလေးများအတွက် ဆေးရှာထွက်ရာတွင် ယခုကဲ့သို့ ကြာမြင့်ရခြင်းမှာ ငါသည် နဂါးမဖြစ်ကြောင်းကို ငါ၏ လင်တော်မောင် သိသွားသောကြောင့် ဖြစ်လိမ့်မည်" ဟု ပြင်းစွာ စိုးရိမ်ပူပန်လေ၏။
ထို့ကြောင့် မိမိလင်ကို တွေ့လိမ့်လေနိုး ၊ တွေ့လေနိုးဖြင့် တောအနှံ့ တောင်အနှံ့ လှည့်လည်ရှာဖွေခဲ့၏။ သို့သော် မိမိလင်တော်ကို အရိပ်အယောင်မျှပင် မတွေ့လေသဖြင့် လူမတန် ကံချကာ ပြင်းစွာဟစ်အော် ငိုကြွေးလေရှာသည်။ မိမိ၏ ရင်နှစ်သည်းချာဖြစ်သော ဥနှစ်လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင် လုံခြုံစွာ သိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ ပြန်သွားလေ၏။
ထို့နောက် ရသေ့တစ်ပါးသည် ထိုဥကြီးနှစ်လုံးကိုတွေ့ရှိပြီး ကြည့်ရှုစောင့်ရှောက်ထားသည်။ ထိုဥကြီးနှစ်လုံးမှ ယောက်ျလေးတစ်ယောက်နှင့် မိန်းခလေးတစ်ယောက်ဖွားမြင် လာခဲ့သည်။ ရသေ့ကြီးက ကျွေးမွေးပြုစုခဲ့ရာ ကြီးပြင်လာသောအခါ ထိုအရပ်တွင် မင်းလောင်းတစ်ပါးအဖြစ် အသိအမှတ်ပြု စိုးစံခဲ့သည်။ ယင်မင်းဆက်တို့မှာ ပအိုဝ်းလူမျိုး ဖြစ်ပေါ်လာခဲ့သည်။
ထိုမှ တစ်ဖန် အထက်ဖော်ပြပါ ရာဇာဝင်ကြောင့်
ပအိုဝ်းတို့ ရှမ်းပြည်ရောက်သွားကြသည့်ဟု ဆိုသည်။ ပအိုဝ်းတို့သည် သထုံခရိုင်ကို သထုံကြီးဟုခေါ်ပြီး ရှမ်းပြည်တောင်ပိုင်ရှိ ဆီဆိုင်ကို သထုံကလေး ဟု ခေါ်ကြသည်။ ယင်နေရာ နှစ်ခုတို့တွင် ပအိုဝ်းများစွာ နေထိုင်လျှက်ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားဆင်းသက်လာပုံသည် ဒဏ္ဍာရီလား တကယ်လားဟု စဉ်းစားစရာပင် ဖြစ်လေသည်။
ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားလာပုံ ဒဏ္ဍာရီသည် မွန်ရာဇ၀င်နှင့် စေတီတော်များ သမိုင်းစာအုပ်မှ အဆိုနှင့်လည်း ဆင်နေ၏။
••••••••••••••••••••••••••
ပအိုဝ်းစာပေနှင့်သမိုင်း
••••••••••••••••••••••••
ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေသီးခြားရှိသည်။ သီးခြားစာပေရှိသော်လည်း ဖတ်တတ်သူနည်းလှသည်။
ပအိုဝ်းစာပေသည် ကရင်စာပေထက်ပင်
ရှေးဦးကျသည်ဟုဆို၏။
ပအိုဝ်းစာပေဗြဟ္မီအက္ခရာပွားဖြင်ပြီး၊ ရှေးဟောင်းမြန်မာအက္ခရာအသတ်၊
အစပ်များနှင့် နီးစပ်သည်။ စာမူမှာ (၂) မျိုး
ကွဲလျက် ရှိ၏။
၎င်းတို့မှာ-------
ရှမ်းပြည်မူ (တောင်ကြီး) နှင့်
အလံတစ်ရာမူ (သထုံကြီး) တို့ဖြစ်သည်။
စာအားဖြင့် ရေးသားခြင်းထက်
လင်္ကာဖြင့်ရေးသားခြင်းကိုပို၍နှစ်သက်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့တွင် အက္ခရာအထူးအခြား မရှိပေ။ မြန်မာအက္ခရာကိုသာယူပြီးသုံးစွဲခဲ့၏။ အက္ခရာတီထွင်မှု မပြုဘဲ နှစ်ပေါင်း ကြာရှည်စွာ သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။
ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေသီးခြားရှိသည်။ သီးခြားစာပေရှိသော်လည်း ဖတ်တတ်သူနည်းလှသည်။ ပအိုဝ်းစာပေသည် ကရင်စာပေထက်ပင် ရှေးဦးကျသည်ဟုဆို၏။
ပအိုဝ်းစာပေဗြဟ္မီအက္ခရာပွားဖြင်ပြီး၊ ရှေးဟောင် "သ၊စ၊ရ" တို့သည် မြန်မာအသံထွက်နှင့် မတူပေ။
ပအိုဝ်းတိုင်းရင်းသား တို့က၊ "သ" ကို "စ" ဟုလည်းကောင်း၊ "စ" ကို "ကျ" ဟုလည်းကောင်း၊ အသံထွက်လေသည်။ ထို့ကြောင့် မွန် အသံထွက်ပုံနှင့်တူလေသည်။
"ရ" ကို (ျွေ) သံဖြင့် ပြောကြရေးကြ၏။
ပအိုဝ်းစာပေတွင် လောကုတ္တရာစာပေက ပို၍များ၏။ လူမှုရေးစာပေနည်းလေသည်။
သို့သော်လောကီဆိုင်ရာ ကျမ်းများ၊ ဗေဒင်၊
နက္ခတ်၊ စီးပွားရေး၊ ပညာရေးစာပေများကိုလည်း
ပအိုဝ်းစာပေတွင်တွေ့နိုင်ပေသည်။ လောကုတ္တရာနှင့် ပတ်သက်သောကောင်းနိုးရာရာ ပါဠိ စာများကို ဘုန်းတော်ကြီးများက ပအိုဝ်းဘာသာသို့ပြန်ဆိုရေးသားကြ၏။ ထို့ကြောင့် ပအိုဝ်းစာပေကို ဘုန်းတော်ကြီးများ၊ ဦးပဉ္စင်းများ၊ ရဟန်း လူထွက်များကသာ အများဆုံး ရေးသားပြုစုကြပေသည်။ ဘုန်းကြီးကျောင်းထွက် သာမန်အရပ်သားများ၊ စာပေလိုက်စားသော အရပ်သားများလည်း ရေးသားပြုစုကြ၏။ ပအိုဝ်းစာဟော ဆရာများ၊ သာမန်အရပ်သားများသည် စတိုလင်္ကာသွားဖြင့်သာ ရေးသားဖွဲ့ဆိုကြသည်။ ယခုအခါ ကျေးဇူးရှင် အလံတရာ ဆရာတော်ဘုရားသည် ပိဋိကတ်သုံးပုံကို ပအိုဝ်းဘာသာသို့အားထုတ်ပြန်ဆိုနေသည်။
တောင်ကြီ်းမြို့ ပထမတောင်ကျောင်းကြီးတွင် ရှမ်းပြည်မူ (တောင်ကြီး) စာကိုပုံနှိပ်သော ပအိုဝ်းစာပေပုံနှိပ်စက်ရှိ၏။ ထိုပုံနှိပ်စက် သည် ပအိုဝ်းစာပေသာမက မြန်မာ၊ ရှမ်းဘာသာများဖြင်လည်း ပုံနှိပ်ပေးလေသည်။ ရှေးကမူ ပအိုဝ်းစာကို ပေ၊ ပရပိုက်များပေါ်တွင်ရေးကြ၏။ နောင်တွင် ရှမ်းစက္ကူကိုခေါက်၍ နှစ်ဘက်စလုံးတွင်ရေးကြ၏။ ပအိုဝ်းစာပေကို ခေတ်သုံးခေတ်ပိုင်းခြားနိုင်သည်။ ပထမခေတ်မှာ သထုံပြည် မင်းဆက်များ ထွန်းကားချိန်ဖြစ်၏။
ဒုတိယခေတ် မှာ
သထုံကလေးခေါ်ရှမ်းပြည်နယ်ဆီဆိုင်မြို့ကို ပြန်လည်အစပျိုးချိန်ဖြစ်၏။ တတိယခေတ်မှာ မျက်မှောက်ခေတ်ကာလ ပင်ဖြစ်သည်။
ပထမခေတ်
-------------
ပအိုဝ်းစာပေမှာ အနော်ရထာမင်းနှင့် အပြိုင်သထုံဘုရင်မနူဟာမင်းဆက်များ လက်ထပ်ကပင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုခေတ်က စာပေအထောက်အထားများကို အလွယ်တကူ မတွေ့နိုင်တော့ပေ။ ပအိုဝ်းသက်ကြီးဝါကြီးများ၏ အဆို အရ ပအိုဝ်းစာပေ ပထမခေတ်သည် မနူဟာမင်းဆက် ပြတ်သွားသည်မှစ၍ ဖရိုဖရဲဖြစ်ကာတိမ်ကောသွားရသည်ဟုဆို၏။
ဒုတိယခေတ်
---------------
သက္ကရာဇ် (၄၁၉) ခုနှစ်တွင် သထုံပြည်ကိုအနော်ရထာမင်းလာရောက်တိုက်ခိုက်၍ သထုံပြည်ပျက်သွား၏။ သထုံပြည် ပျက်သွားသောအခါ ပအိုဝ်းလူမျိုးများသည် အထက်မြန်မာပြည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ရှမ်းပြည်တောင်ပိုင်းသို့ အများ ဆုံး ပျံ့နှံ့ရောက်ရှိကြ၏။ အချို့လည်း နယ်စပ်ကိုကျော်လျက်ယိုးဒယားသို့ဝင်သွားကြ၏။ သထုံတစ်ဝိုက်၊ ဖားအံတကြောတွင် ကျန်ရစ်သည်လည်း ရှိကြသည်။
၎င်းတို့အနက် ရှမ်းပြည်ရောက် အုပ်စုများမှာ ပအိုဝ်းစာပေ ဒုတိယခေတ်ကို တည်ထောင်သူများပင် ဖြစ်ကြသည်။ ဤအုပ်စု သည် ရှမ်းပြည်တောင်ပိုင်းတွင် သထုံကလေး (ယခုဆီဆိုင်မြို့) ကိုတည်ထောင်ခဲ့ကြ၏။ သထုံကလေးခေါ် ဆီဆိုင်မြို့ကို တည်ထောင်ရာတွင် ပအိုဝ်း ဘာသာဖြင့် ကမ္ပည်းစာတမ်းများရေးထိုးခဲ့ကြသည်ဟုဆိုသည်။ သို့သော်ထိုစာတမ်းများ၊ ကမ္ပည်း များ၊ မှတ်တမ်းများကို ယခုအခါ မတွေ့ရ တော့ချေ။ ၎င်းတို့ကိုတွေ့ရပါမူ ပအိုဝ်းစာပေသမိုင်း ကို ဖော်ထုတ်နိုင်မည်ဖြစ်ပေ သည်။
ပအိုဝ်းစာပေ ဒုတိယခေတ်ကို စတင်ပျိုးထောင်ပေးသူမှာ အင်းလေးဒေသ နန်းပန်ရွာတောင်ဘက်ရှိ ကျေးဇူးရှင် မိုင်းပျိုး ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးပင်ဖြစ်သည်။
မိုင်းပျိုဂိုဏ်းချုပ်ဆရာတော်ဘုရားသည် (ယခုအခါ ပျံလွန်တော်မူပြီး) သာသနာရေးနှင့်နွယ်၍ ပအိုဝ်းစာပေ ပြန်လည် ထွန်းကားရေးကို ဆောင်ရွက်တော်မူခဲ့သည်။ ဆရာတော်သည် မိမိ၏အလှူဒါယကာ ဒါယိကာမများအား သေချာရှင်းလင်းစွာ သဘောပေါက် နားလည်စေလို၏။ ထို့ကြောင့် အခါကြီးနေ့ကြီးများတွင် ကျောင်းတက်လာသော ပအိုဝ်းတိုင်းရင်းသားများ အား၊ ဒါနအကျိုးကို ပအိုဝ်း ဘာသာ၊ ပအိုဝ်းစာဖြင့်ဟောကြားတော်မူသည်။ ဤသို့ဖြင့် လူအများသည် ကုသိုလ်ရေးကို နွယ် လျက် ပအိုဝ်းစာပေမျိုးစေ့ကျခြင်းပင်တည်း။
ဆရာတော်သည် ပအိုဝ်းတိုင်းရင်းသားတို့တွင်
" စာပေ " ဟူ၍ တသီးတသန့်ရှိကြောင်း သထုံပြည်ကြီး ပျက်သောအခါ စာပေ ပျောက်ကွယ် တိမ်ကောရကြောင်း၊ စာပေသည် လူမျိုးတစ်မျိုးအတွက် အရေးတကြီး လိုအပ်ကြောင်းနှင့် ပအိုဝ်းစာ ကို ပြန်လည်လေ့လာသင်ကြား ရန်လိုကြောင်း စသည်ဖြင့် အမြဲတမ်းဟောကြားတော်မူလေ့ရှိသည်။ ဤသို့ဖြင့် ပအိုဝ်းစာပေ မျိုးစေ့သည် အညှောက်ပေါ်လာသည်။
မိုင်းပျိုဂိုဏ်းချုပ်ဆရာတော်ဘုရား ပျိုးခဲ့သော စာပေမျိုးစေ့ကို ဆက်လက်မြေတောင်မြှောက်ပေးသူမှာ ဆီဆိုင်မြို့အနီးတွင် ရှိသော နောင်ဟိုင်းရွာမှ နောင်းဟိုင်းဆရာတော်ဘုရားပင်ဖြစ်သည်။
နောင်ဟိုင်းဆရာတော်ဘုရားသည် ပအိုဝ်းဘာသာဖြင့် ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားပြုစု ခဲ့သည်။ လောကုတ္တရာ စာပေကိုသာ အရေးများပြီး လောကီရေးရာစာပေများကို ရေးသားခြင်းမရှိလှဟု သိရသည်။ ဆရာတော် ရေးသားပြုစုခဲ့သော စာများမှာလည်း ခေတ်အဆက်ဆက် ထိန်းသိမ်းမှုမရှိခြင်းကြောင့် ယခုအခါ မတွေ့ရတော့ပေ။ သို့သော်ဆရာတော်ကြိုးစား
အားထုတ်သင်ပြမှုကြောင့်နောက်လူတို့ အတော်များများ ပအိုဝ်းစာကို တတ်မြောက်လာကြသည်။
ဤသို့ဖြင့် ပအိုဝ်းစာပေတည်းဟူသော သစ်ပင်သည်တဖြည်းဖြည်းရင်သန်ကြီးထွားခဲ့၏။ တောင်ကြီးခရိုင်တောင်ဘက်ပိုင်း မှ တောင်ကြီးခရိုင်အနောက်ပိုင်းရှိ အောင်ပန်း၊ ဟဲဟိုးတ၀ိုက်သို့တဖြည်းဖြည်းပျံ့နှံ့သွားသည်။ တစ်ဖြည်းဖြည်းနှင့် ဆက်၍ ပြန့်ပွားလာရာ တောင်ကြီးခရိုင်တစ်ခုလုံးတွင် ပအိုဝ်းစာကို အတော်များများ တတ်မြောက်လာကြသည်။
" မော် " ဟုခေါ်သော
ပအိုဝ်းစာဟောဆရာများအတွက်
စာဟောရာတွင် အထောက်အကူရစေရန် ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ် ဇာတ်၊ နိပါတ်တော်များကို ပအိုဝ်းဘာသာဖြင့် ရေးသားပြန် ဆိုကြသည်။
ထို့ကြောင့်ဒုတိယစာပေခေတ်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေးကိုသာမက ဘာသာရေးကိုပါ တိုးတက်လာစေ သည်။ "မော် " ခေါ် ပအိုဝ်းစာဟောဆရာများသည် ပအိုဝ်းစာပေတည်းဟူသော သစ်ပင်၊ ဆက်လက်ရှင်သန် ကြီးထွားအောင် မြေသြဇာ ကျွေးသူများ ဟု ဆိုနိုင်ပေသည်။
နောင်ဟိုင်းဆရာတော်၏နောက်တွင် ဆရာတော်၏တပည့်ဖြစ်သည့် ဆောင်းပလောင်းဆရာတော်က ပအိုဝ်းစာပေအပင်ငယ် ကို ဆက်လက်ရေလောင်းပေးသည်။ ဆောင်းပလောင်းရွာမှာ ပင်လောင်းမြို့၏တောင်ဘက်တွင် ရှိ၏။ ဆောင်းပလောင်း ဆရာတော်သည်လည်း နောင်ဟိုင်းဆရာတော်နည်းတူ ပအိုဝ်းစာပေများကိုရေးသားပြုစုခဲ့သည်။
ဆောင်းပလောင်းဆရာတော် ပြီးနောက်တွင် ဆောင်းပလောင်းရွာအနီးတွင်ရှိသော ဘန်းပုံရွာမှာ ဘန်းပုံဆရာတော် ဦးသီလ၀ံသက ဆက်လက်ဦးဆောင်ခဲ့သည်။ ဘန်းပုံဆရာတော်ရေးသားသော စာများကိုလည်း ယခုအခါအစရှာမရတော့ပေ။ ဂျပန်ခေတ်အတွင်းက ပျက်စီး ကုန်သည်။
ဘန်းပုံဆရာတော်၏ နောက်တွင်ပအိုဝ်းစာပေ ဖခင်တစ်ဦးဟု ဆိုနိုင်သော ပအိုဝ်းစာဟောဆရာ "မော်ပုညလုံး"က စာဟောခြင်းဖြင့်လည်းကောင်း၊ စာရေးခြင်းဖြင့်လည်းကောင်း၊ ပအိုဝ်းစာပေ ဆက်လက်ပြန့်ပွားအောင် ကြိုးစားခဲ့ သည်။
မော်ပုညလုံးသည် လင်္ကာများ၊ အတိတ်တဘောင်များကို ရေးသားခဲ့သည်။ ၎င်းရေးသားခဲ့သော စာများကို ယနေ့ တိုင်တွေ့နိုင်ပေသေးသည်။
အထက်ပါ ပုဂ္ဂိုလ်ကြီးလေးဦးသည် ညှိုးမှိန်သွားခဲ့သောပအိုဝ်းစာပေပင်စည်ကြီးကို၊ တစ်ဖန်ပြန်လည်လန်းဆန်းအောင် ပျိုးထောင် မြေတောင်မြှောက်ပေးခဲ့ကြသည်။ ဤပုဂ္ဂိုလ်ကြီးတို့၏ ကျေးဇူးကြောင့် ယခုအခါပအိုဝ်းစာပေပင်စည်ကြီးသည် အကိုင်း၊ အခက်၊ အရွက်၊ အဖူး၊ အညွန့်ဝေေ၀ဆာဆာဖြင့်ပြန်လည်ရှင်သန်လျက်ရှိနေပေသည်။
ထိုအချိန်မှစ၍ ပအိုဝ်းစာကို ပအိုဝ်းတိုင်းရင်းသားတို့က ကောင်းစွာလက်ခံသုံးစွဲခဲ့ကြသည်။ လူထုက လက်ခံသုံးစွဲခဲ့သော် လည်း ၎င်းစာတွင်ပျော့ကွက်၊ ဟာကွက်များရှိနေသည်။ တီထွင်မှုဟူရာတွင် ချွတ်ယွင်းချက်များရှိစမြဲပင်ဖြစ်သည်။ ထိုစာ၏ပျော့ကွက်၊ ဟာကွက်မှာ စာလုံးတစ်လုံးကိုဖတ်ရာတွင် အသံလေးငါးမျိုးထွက်နေခြင်း၊ အဓိပ္ပာယ်လည်း အမျိုးမျိုး ထွက်နေခြင်းတို့ကြောင့်ပင်ဖြစ်၏။
ဤသို့ အသံအမျိုးမျိုး၊ အဓိပ္ပာယ်အမျိုးမျိုး ထွက်နေသဖြင့် ပအိုဝ်းစာကို မကျွမ်းကျင်သေးသူများအတွက် အခက်အခဲ သဖွယ် ဖြစ်နေပေသည်။ သုံးစွဲရာတွင်လည်းတိကျမှုမရရှိပေ။
ထို့ကြောင့် ဤအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စာပေပညာရှင်များ၊ သံဃာတော်များက ပို၍ ကောင်းမွန်မည့် အများ လက်ခံ အသုံးပြုနိုင်မည့် စာမူသစ်တစ်ခုကိုတီထွင်ရန်ကြိုးပမ်းခဲ့ကြသည်။
တတိယခေတ်
-----------------
ယခုတောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ကျောင်းတိုက်ရှိ၊ ပအိုဝ်းစာပုံနှိပ်တိုက်မှ ရိုက်နှိပ်နေသောစာမူကို တတိယ စာပေခေတ် ဟု ခေါ်နိုင်ပေသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများ ပုံနှိပ်နေသော ပထမတောင်ကျောင်းကြီးရှိ ယခုစာမူကို ၁၃၁၂ ခု၊ ကဆုန် လပြည့်ကျော် ၄ ရက်၊ ကြာသပတေးနေ့တွင် တောင်ကြီးမြို့၊ ကံဦးကျောင်း၌၊ ပအိုဝ်းစာပေ မူသေဖြစ်မြောက်ရေးအဖွဲ့ကိုအောက်ပါဆရာတော် များပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ဆုံးဖြတ်ခဲ့ကြသည်။ ပအိုဝ်းစာပေ မူသေဖြစ်မြောက်ရေးအဖွဲ့ တွင် ပါဝင်သောဆရာတော်များမှာ -
(၁) ပထမတောင်ကျောင်းကြီးဆရာတော်ဘုရား၊
(၂) စဲစဲဆရာတော်ဘုရား၊
(၃) ပါမိုးနဲဆရာတော်ဘုရား၊
(၄) ထီသိမ်ဆရာတော်ဘုရား၊
(၅) ဆီဆိုင်မြို့မဆရာတော်ဘုရား၊
(၆) မူးရားဆရာတော်ဘုရား၊
(၇) မောက်ဝေါက်ဆရာတော်ဘုရား၊
(၈) ပင်စုံတောရဆရာတော်ဘုရား၊
(၉) ထန်းဖရားဆရာတော်ဘုရား၊
(၁၀) ကံဦးကျောင်းဆရာတော်ဘုရားတို့ဖြစ်ကြသည်။
အထက်ပါဆရာတော်ဘုရား ၁၀ ပါးကို ပအိုဝ်းစာပေမူသေဖြစ်မြောက်ရေးအဖွဲ့ ဟူသောအမည်ဖြင့် သဘောတူ ဖွဲ့စည်းခဲ့ကြ၏။ ဤစာပေမူသေဖြစ်မြောက်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ၁၃၁၂ ခု၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ တနင်္လာနေ့ နံနက် ၈ နာရီအချိန်တွင် တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး၌ ပအိုဝ်းစာပေမူသေ ကို ရှေးဦး စွာ ဖြစ်မြောက် ပေါ်ထွက်အောင် အဘက်ဘက်မှ ညှိနှိုင်းတိုင်ပင် ဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ကြ၏။
ထိုအစည်းအဝေးသို့ ကြွရောက်တော်မူကြသော ပုဂ္ဂိုလ်များမှာ-
(၁) ပထမတောင်ကျောင်းကြီးဆရာတော်ဘုရား၊
(၂) ပါမိုးနဲကျောင်းဆရာတော်ဘုရား၊
(၃) စဲစဲကျောင်းဆရာတော်ဘုရား၊
(၄) ထန်းဖလားကျောင်းဆရာတော်ဘုရား၊
(၅) ပင်စုံကျောင်းဆရာတော်ဘုရား၊
(၆) မောက်ဝေါက်ကျောင်းဆရာတော်ဘုရား၊
(၇) ကံဦးကျောင်းဆရာတော်ဘုရား တို့ဖြစ်ကြသည်။
အထူးကြွရောက်၍ အားပေးကူညီတော်မူခဲ့ကြသော ဧည့်သည်တော်ပုဂ္ဂိုလ်များမှာ-
(၁) သထုံဆီဆိုင်စော်ဘွားအိုကြီး သခင်တကာခွန်စိန်း၊
(၂) ဦးဟန်
(၃) ဦးသင်
(၄) ပအိုဝ်းဝန်ကြီး ဦးဘိုးခင်တို့ဖြစ်ကြသည်။
အာဂန္တသံဃာတော်များမှာ-
(၁) နောင်ကားကျောင်းဦးပဉ္စင်း ၀ါရိန္တ၊
(၂) ဟိုးနားဦးပဉ္စင်းတို့ဖြစ်ကြသည်။
စာပေခေတ်သုံးခေတ်
--------------------------
ထိုအစည်းအဝေးမှ အောက်ပါအချက်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
၁။ ပအိုဝ်းစာပေမူသေဖြစ်မြောက်ရေးတွင် မြန်မာစာ၊ ယိုးဒယားစာ၊ သီဟိုဠ်စာ၊ အင်္ဂလိပ်စာ၊ သက္ကတဘာသာစသည်ဖြင့် ဘာသာစာပေ အမျိုးမျိုးအထွေထွေရှိသည်တို့တွင် ရှေးဦးစွာမြန်မာစာပေကိုသာ မူတည်ထုတ်ဝေရန်။
၂။ ထိုကဲ့သို့မူတည်ထုတ်ဝေရာတွင် ပါဠိဘာသာနည်းနာစဉ်အတိုင်း ကဂိုဏ်း၊ ပယတ်၊ ဌာန်စသော သဒ္ဒါနည်းတို့ကို မှီး၍ရှေးဟောင်း ပအိုဝ်းစာပေများကိုလည်း ပျက်စီးပပျောက်ခြင်းမရှိစေဘဲ အသံစုံစုံလင်လင်နှင့်ထုတ်ဝေရန်။
အသံစုံလင်ရေးနှင့် ပတ်သက်၍ မြန်မာစာသင်ပုန်းကြီးအက္ခရာတိုင်း၌ အောက်ပါပုံစံအတိုင်း သင်္ကေတနှစ်ခုတိုး၍ ထုတ်ဝေရန်။
၁။ က က က
၂။ ကာ ကာ ကာ ကာ့ ကား
၃။ ကိ ကိ ကိ
၎။ ကီ ကီ ကီ ကီ့ ကီး
၅။ ကု ကု ကု
၆။ ကူ ကူ ကူ ကူ့ ကူး
၇။ ကေ ကေ ကေ ကေ့ ကေး
၈။ ကဲ ကဲ ကဲ ကဲ့ ကဲး
၉။ ကော ကော ကော ကော့
၁၀။ ကော် ကော် ကော် ကော့် ကပ်
၁၁။ ကံ ကံ ကံ ကံ့ ကံး
၁၂။ ကာ ကား ကား
အထက်ပါဥပမာအတိုင်း အသံစုံလင်အောင်ပြုလုပ်လိုက်သဖြင့် အသံပို၍စကားလိုလာ၏။ အသံလို၍ စကားပိုအဖြစ်သို့ မရောက်နိုင် ကြောင်းယူဆကြသည်။ အင်္ဂလိပ်ဘာသာ " ကော်မာ " ခေါ် ဖွတ်နုတ် (၀ါ) ပဲပင်ပေါက် ပုံသဏ္ဍာန်သင်္ကေတဖြင့် အသံနှစ်မျိုးတိုးလိုက်ခြင်းအား ဖြင့် စာဟောင်းမပျက်ခြင်း၊ အသံစုံလင်ခြင်း၊ ပုံနှိပ့်ရန်လွယ်ခြင်းစသော အကျိုးကျေးဇူး များ ဖြစ်ပေါ်လာသည်။
•••••••••••••••••••••••••••••••
ပအိုဝ်းအလံသမိုင်း
•••••••••••••••••••
အလံဆိုသည်မှာ-
အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခုကို သော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက် တစ်ခုခုကို သော်လည်းကောင်း အခြေခံကြသည် သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပာယ်ကိုဆောင်သည့် အမှတ်အသားတစ်ခုပင် ဖြစ်သည်။
တစ်နည်းအားဖြင့် အလံသည် ရည်ရွယ်ချက်တစ်ခုခု (သို့မဟုတ်) အထိမ်းအမှတ်အဖြစ် အသုံးပြုသော ရောင်စုံခြယ် ပိတ်စမျိုးဖြစ်သည်။ အလံဟူသော စကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့် အရာဟူ၍ လည်းကောင်း၊ မြန်မာအဘိဓာန်ကျမ်းတွင် အလံသည် အရောင်ပုံစံ အမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍ လွင့်ထူရသောအ၀တ် (သို့မဟုတ်) စက္ကူဖြင့် ပြုလုပ်ထားသည့် အရာဟူ၍လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ ယခုခေတ် နိုင်ငံတိုင်း၌ ရှိသော အမျိုးသားအလံ (သို့မဟုတ်) နိုင်ငံတော် အသီးသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန် အလို့ဌာ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင် ဆီလျော်စွာ သတ်မှတ်ပြဠာန်းထားသည့် အလံများဖြစ်ကြသည်။
ပအိုဝ်းအလံ
•••••••••••••
ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သော အလံမှာ ၁၉၂၈-ခုနှစ်၊ ဖြားတန်ကောင်ခယ် ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေး အလံဖြစ်သည်။ ၎င်းအလံသည် အလျား (၉)ပေ၊ အနံ (၅)ပေ ရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်းဘက်သို့ မျက်နှာမူထားသော ထိုင်နေသည့် ခြင်္သေ့ပုံ ပါရှိသည်။ အစိမ်းရောင်၏ အဓိပ္ပာယ်မှာ နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက် ရွှင်လန်းခြင်းနှင့် အေးချမ်းသာယာခြင်းကို ဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အား ကြီးမား၍ လျင်မြန်သွက်လက် ပေါ့ပါးစွာလှုပ်ရှားနိုင်သော အစွမ်းရှိသည်။
ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေး ရရှိရန် အပူတပြင်း ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆-ခုနှစ်၊ ပထမ ပင်လုံညီလာခံနှင့် ၁၉၄၇-ခုနှစ်တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန် တောင်တန်းဒေသ တိုင်းရင်းသားများနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၄၆-ခုနှစ်တွင် တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ပအိုဝ်း အမျိုးသား ကိုယ်စားပြု ပအိုဝ်းလွောင်;ဗူ;ဥက္ကဋ္ဌ အဖြစ် ဦးဘိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင်အား လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသား ကိုယ်စားပြု ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊ အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏ အလယ်တွင် ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။ ၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်;ဗူ; (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့် (ပအမဖ)ကို အမည်ပြောင်း၍ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)၏ ဥက္ကဋ္ဌ ဗိုလ်ဟိန်မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက် တာဝန်ပေးအပ် ခဲ့ကြသည်။
၁၉၅၀-ပြည့်နှစ်မှစ၍ ပြည်ထောင်စုအမျိုးသား အဖွဲ့ချုပ် (ပအမဖ) အမှုဆောင်များနှင့် ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ် အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) ဖွဲ့စည့်းပုံ အခြေခံစည်းမျဉ်းဥပဒေကို ပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်း (၈)ခန်းနှင့် နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာ အလျား (၉)ပေ၊ အနံ (၅)ပေ အချိုးဖြစ်၍ အလံတော်၏ ထက်ဝက် (၂ပေ ၊၆လက်မ) အောက်ခံသည် အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊ အနံ (၂ပေ ၊ ၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား (၄ပေ ၊ ၆လက်မ)၊ အနံ (၂ပေ ၊ ၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်း (၁၈)လက်မ ကြယ်ဖြူကြီးတစ်လုံး ပါရှိရမည်။ ဤအလံတော်မှာ ယာယီသတ်မှတ်ချက် ဖြစ်သည်ဟူ၍ ဖော်ပြပါရှိခဲ့သည်။
ပအိုဝ်းအမျိုးသားအလံတော်ပါ ကြယ်နှင့် အရောင်များ၏ အနက်အဓိပ္ပာယ် ဖော်ညွန်းချက်များမှာ ကြယ်၏ အဓိပ္ပာယ်မှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို မစွန့်၊ ခရီးစဉ်အတိုင်း ရှေ့သို့သာ ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ရှိခြင်း စသည့် အရည်အသွေးများ ရှိသည့်အပြင် ပအိုဝ်မျိုးနွယ်စု အားလုံးကို ကိုယ်စားပြု၍ တစ်လုံးတည်းသောကြယ်ကို သတ်မှတ်ရခြင်းဖြစ်သည်။ အစိမ်းရင့်ရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်းရှိခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သွက်လတ်ဖျတ်လတ်ခြင်း အဓိပ္ပာယ်ဆောင်သည်။ အပြာရင့်ရောင်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အဓိပ္ပာယ်ဆောင်သည်။ အလံ၏အရွယ်များမှာ ကြီးငယ်မဟူ ထိုအမျိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ညီလာခံမှ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။
အလံပါကြယ်နှင့် အရောင်များ၏ ဖွင့်ဆိုချက်များ
(က) ကြယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံး အသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါသည်။ မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင် ကြယ်ကိုအဓိပ္ပာယ် ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်းကင်တွင် အလင်းရောင် အပွင်းကလေးများသဖွယ် မြင်ရသော ကောင်းကင်ဗိမာန် နက္ခတ်တာရာဟု ဖော်ပြထားသည်။ ကြယ်တို့သည် အေးမြသော အလင်းရောင်ကို ပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာ ကြယ်များသည်လည်း နေကဲ့သို့ အလင်းရော အပူပါ လွှတ်ပေးလျှက် ရှိသည်။ နေတွင်ရှိသော ဓာတ်သဘာဝအားလုံး ကြယ်တွင်ရှိသည်။ အချို့သော ကြယ်များသည် နေထက် အဆပေါင်းများစွာ ပိုမို၍ တောက်ပကြသည်။ အားကောင်းသော မှန်ပြောင်းများဖြင့် ကြည့်လျှင် ကြယ်ပေါင်း သိန်းတစ်ထောင်ခန့်ကို မြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသော ကြယ်ပေါင်းများစွာ ရှိသကဲ့သို့ ကိုယ်ပိုင်အလင်းရောင်မရှိသော ကြယ်ပေါင်းများစွာလည်း ရှိသည်။
အလံများတွင် ကြယ်ဖြင့် အမှတ်အသားပြု၍ ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို အစွန့်ပစ် ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသော ဂုဏ်၊ အရည်အသွေးများရှိခြင်း ကြောင့်ပင်ဖြစ်သည်။
(ခ) အဖြူရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အဖြူရောင်သည် လမင်း၏ အရောင်ဖြစ်၍ အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိပ်သည်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်း စသည့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်သည်။ စည်းကမ်းရှိသော၊ စည်းစနစ်ရှိသော အစွမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကို ဆောင်သည်။ ဆေးရုံများတွင် လူနာကုတင်၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ ခန်းစည်းနှင့် ဆရာဝန်ဝတ်စုံများသည် အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူ လူမမာ တွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီး ရောဂါသက်သာစေ၍ သောက၊ ဒုက္ခများ ပြေပျောက်စေသည်။ ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလို မက်တတ်သည်။ အရောင်တောက်ပသော ခေါင်းအုံးစွပ်များနှင့် အိပ်စက်လျှင် အိပ်မက်ဆိုးများ မက်တတ်သည်။
(ဂ) အနီရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အနီရောင်၏ အဓိပ္ပာယ်သည် ရဲရင့်ခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင်ဘက်အပေါ် အနိုင်ရလိုမှုစိတ်ဓာတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို စိတ်ဓာတ်တက်ကြွစေခြင်း စသောသဘောများ ဆောင်သည်။ အားကစားသမားများ အနီရောင်ဝတ်စုံ ၀တ်ကစားလိုက်လျှင် စွမ်းအင်များ အလိုလိုပြည့်ဝ တိုးတက်ပြီး အနိုင်ရလိုစိတ် ပြင်းထန်တတ်ကြသည်။ အနီရောင်ကို ကြိုက်နှစ်သက်သော လူများသည် ရဲစွမ်းသတ္တိရှိသူ၊ နိုးကြွားတက်ကြွ လှုပ်ရှားလိုသူ၊ အတိုက်အခိုက် ၀ါသနာပါသူ၊ ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။
(ဃ) အပြာရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြာရောင်၏ အဓိပ္ပာယ်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း စသော အရည်အချင်းများ ရှိသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုကို ဖြစ်စေပြီး စိတ်ပြေပျောက်မှု အသွင်ကို ဖန်တီးပေးနိုင်သည်။
အသက်ရှင်သန်မှုကို အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှုရလိုလျှင် အပြာရောင်ကို အသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊ အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မှုကို မက်မောတတ်သော၊ ခံစားမှုများကို ထိန်းချုပ်နိုင်သော သဘောလည်း ရှိသည်။
ထို့ကြောင့် အပြာရောင်ကို ကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ၊ သူတစ်ပါး၏ မေတ္တာကို ခံယူလိုသူ၊ မေတ္တာထားတတ်သူ ဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊ အပြစ်ကင်းကင်း နေလိုသူများလည်း ဖြစ်တတ်ကြသည်။
(င) အစိမ်းရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အစိမ်းရောင်၏ အဓိပ္ပာယ်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်း ဖြစ်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ခြင်း သဘောရှိသည့် အပြင် သစ္စာရှိသော၊ ကတိတည်သော၊ ကြင်နာဂရုဏာတရား ကြီးမားသော၊ သူတစ်ပါးကို ကူညီတတ်သော၊ ချိုသာရည်မွန်သော သဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသော သဘောရှိသဖြင့် လယ်ကွင်းပြင်စိမ်းကို ကြည့်ရှု ရခြင်းသည် ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမှု၊ အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာ ဆေးရုံများ၏ လူနာခြုံစောင်များ၏ အရောင်မှာ အစိမ်းရောင်ကို အသုံးပြုလေ့ ရှိကြသည်။ လေအေးပေးစက် တပ်ဆင်ထားသော အခန်းကို အနီရောင်ဆေး သုတ်ပေးခြင်းထက် အစိမ်းရောင်ဆေး သုတ်ပေးခြင်းက အအေးဓာတ် ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကို ကြိုက်နှစ်သက်တတ်သူသည် အပူအပင်မရှိ၊ စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။
နှင်းနှင်းနွယ်(ရခိုင်သူ)
လေ့လာစုစည်းတင်ပြသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...